Heavy monsoon rains have killed at least 40 people ...
ပြင်းထန်သော မုတ်သုံမိုးများ ရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာခဲ့သော ရေကြီးမှု များ၊ မြေပြိုမှုများကြောင့် လွန်ခဲ့သော နှစ်ရက်တွင် တောင်အာရှတစ်လွှား၌ လူ ၄၀ ထက် မနည်းကိုသေဆုံးစေခဲ့သည်ဟု ဇူလိုင် ၁၃ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဇွန်လမှစက်တင်ဘာလအထိ ကြာမြင့်သော မုတ်သုံရာသီသည် နှစ်စဉ် တောင်အာရှဒေသ၌ သေဆုံးမှုနှင့်ပျက်စီးမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည်။
နီပေါနိုင်ငံ၏ အရှေ့ပိုင်းဒေသနှင့် တောင်ပိုင်းမြေပြန့်လွင်ပြင်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးမြေပြိုမှုများတွင် လူ ၂၇ ဦးသေဆုံးခဲ့သည်။ နောက်ထပ် ၁၁ ဦးဒဏ်ရာရခဲ့ပြီး ၁၅ ဦးပျောက်ဆုံး နေခဲ့သည်ဟု နီပေါရဲဌာနကိုယ်စားပြောရေးဆိုခွင့်ရှိသူ ဘစ်ရှ်ဝါရာပိုခရယ်က ပြောကြားခဲ့သည်။ သေဆုံးသူများအနက်သုံးဦးမှာ မြို့တော် ခတ္တမန္ဒူတွင် နံရံပြိုကျမှုဖြစ်ပွာသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့ ရဲ့ ပထမဦးစားပေးက တော့ အသက်ဘေးလွတ်အောင် ကယ်ပေးရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အင်အားအကုန်လုံးကို အသုံးပြုထားပြီး ဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ အူမာကန်တာအက်ဟီခါရီက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ မြစ်များရေလျှံ၍ နေအိမ်များကို ရေလွှမ်းကုန်သဖြင့် ရဲတို့က လှေများဖြင့် လူတို့ကို ဘေးလွတ်ရာ ပို့ပေးခဲ့ကြရသည်။ မိဘများသည် ၎င်းတို့၏သားသမီးများကိုပခုံးပေါ်တင်၍ ရင်ခေါင်းလောက်ရေထဲကိုဖြတ်ခဲ့ကြရသည်ဟု ဆိုသည်
ဇူလိုင် ၁၃ ရက်တွင် နီပေါမိုးလေဝသဌာနက တောင်ပိုင်းဆက်ပတားကိုရှီမြစ် အတွက် အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ပေးခဲ့ပြီး ယင်းဒေသတွင် နေထိုင်သူများထံသို့ သတိပေး စာတိုများ ပေးပို့ခဲ့သည်ဟု ဆိုသည်။
အိမ်နီးချင်းအိန္ဒိယတွင် ၁၁ ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့သည် အရှေ့မြောက်ပိုင်းပြည်နယ်များဖြစ်သည့် အာသံနှင့် အာရွန်နာချယ်ပရာဒေ့ရှ် ပြည်နယ်မှဖြစ်သည်ဟု ဇူလိုင် ၁၂ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။မုတ်သုံရာသီရေကြီးမှုများသည် အာသံပြည်နယ်၏ခရိုင်၂၁ ခုကိုရေလွှမ်းမိုးခဲ့ပြီး လူထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကူအညီ ပေးနေသောအဖွဲ့များက ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ နိုင်ငံ၏အရှေ့တောင်ပိုင်းရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) ဒုက္ခသည်စခန်းများ သို့ ရိက္ခာများ ထောက်ပံနေခဲ့ကြသည်ဟု ဆိုသည်။ ကလေးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၁၂ ရက်တွင် ကူညီရေးအဖွဲ့များက ပြောကြားခဲ့ကြသည်။
လွန်ခဲ့သောနှစ်တွင် မုတ်သုံမိုးများကြောင့် တောင်အာရှဒေသ၌ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး အိန္ဒိယ၏ကေရာလာပြည်နယ်သည် နှစ် ၁၀၀ နီးပါးတွင်အဆိုးရွားဆုံးရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရသည်။
Credit – news-eleven
